ဝေါမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်

ဝေါ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက် ခြင်းကိုယမန်နေ့ နံနက် (၁၀:၃၀) က ဝင်းကဒတ်ကျေးရွာနှင့် မွန်းလွဲ (၂) နာရီက တောကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ပြုလုပ်ကျင်းပ ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းငြိမ်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက်ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် ဝင်းကဒတ်ကျေးရွာမှ ရပ်မိရပ်ဖဒေသခံများမှ ကျေးရွာအတွင်းလမ်းများ ပြုပြင်ပေးနိုင်ရေးနှင့် ဝင်းကဒတ်ချောင်းသောင်ထွန်း၍ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်တူးဖော်ပေးနိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)