လှိုင်းဘွဲမြို့၌ ဒေသထွက်ရာသီစာသီးနှံများ ဝယ်ယူစားသုံးမှုများသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ

လှိုင်းဘွဲ ဇူလိုင် ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကြိုးဝိုင်း၊ ကျုံပကိုကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောဧရိယာများ၌ မိုးရာသီအတွင်း သဘာဝထွက်ရှိသော တောင်ပို့မှို (ဖက်စွတ်မှို)၊ အင်ဥ၊ ဇရစ်၊ ဖလံတောင်ဝှေး၊ မျှစ်၊ ကောက်ကောက်ညွှန့်၊ ကဒက်ဥစသည့် ရာသီစာ သီးနှံများကို ရှာဖွေရောင်းချပေးနေကြသည့် ဒေသနေပြည်သူများမှ ဝင်ငွေအသင့်အတင့် ကောင်းမွန် လျက်ရှိကြကြောင်း သိရှိရသည်။

အဆိုပါ ရာသီစာသီးနှံများကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် တောင်ကုန်း၊ တောင်တန်းများ၌ သွားရောက်ရှာဖွေ ရောင်းချပေးနေကြသူတစ်ဦးကတောထဲမှာ သွားရှာကြရတာ၊ ပင်ပန်းမှုကတော့ အနည်းငယ်ရှိပါတယ်၊ သဘာဝအလျောက် အခုလိုမိုးရာသီမှာ ပေါက်ကြတဲ့ ရာသီစာသီးနှံတွေကို ​မြို့ပေါ်စျေးကဖောက်သည်တွေကို ရောင်းချပေးသလို ကိုယ်တိုင်လည်း အခုလိုလမ်းဘေးမှာ တဲလေးထိုးပြီး ရောင်းနေတယ်၊ သဘာဝအလျောက်ထွက်ရှိတဲ့ သီးနှံတွေကိုတော့ ကျေးရွာရော မြို့ပေါ်ကလူတွေပါ နှစ်ခြိုက်စွာနဲ့ ဝယ်ယူစားသုံးကြပါတယ်၊ ရောင်းလို့ မကုန်ဘူးရယ်လို့ မရှိပါဘူး၊ ဒီမှာရှိတဲ့ သစ်တောကြိုးဝိုင်းနဲ့ တောတောင်တွေကို ကျေးဇူးတင်ရပါတယ်၊ အလုပ်အကိုင်ရှားတဲ့ မိုးတွင်းကာလမှာ ရာသီစာ ဒေသထွက်သီးနှံတွေကို ရှာဖွေရောင်းချတော့ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိနေလို့ပါ ဟု ပြောဆိုရှင်းပြသည်။

ဒေသတွင်း တောထွက်ရာသီစာသီးနှံများကို ဝယ်ယူသူတစ်ဦးကလည်းရာသီပေါ် သဘာဝသီးနှံ များကို စားသင့်တယ်၊ ဘေးဥပါဒ်မဖြစ်ဘူး၊ ဒါပေမယ့် မှိုနဲ့ အင်ဥကတော့ သတိထားရမယ်၊ သူတို့နဲ့ တွဲဖက်စားလို့မရတဲ့ အသားတွေရှိတယ်၊ သဘာဝတောထွက် ဟင်းသီး၊ ဟင်းရွက်တွေက ဓာတ်မြေသြဇာမသုံးဘူး၊ သဘာဝမြေဆီ မြေသြဇာနဲ့ပဲ ရာသီအလိုက်ထွက်တော့ စားသုံးရတာ ကျန်းမာရေးနဲ့လည်း ညီညတ်မှုရှိတယ်၊ မြို့ပြကြီးတွေမှာဆို ဝယ်စားချင်တိုင်းဝယ်လို့ မရတာတွေ ရှိတယ်၊ ရှိရင်လည်း စျေးကြီးပေးဝယ်စားကြရပါတယ်၊ အခုလို တောင်ပို့မှို၊ ဇရစ်၊ ကောက်ကောက်ညွှန့်၊ မျှစ်ပြုတ်၊ ကဒက်ဥတွေကို တောထဲမှာ သွားမရှာနိုင်ဘူးလေ၊ အခုလို တောတောင်ထဲမှာ လိုက်ရှာပြီးရောင်းချပေးတဲ့သူတွေရှိလို့ ကျေးဇူးတင်တယ်၊ ကဒက်ဥရယ်၊ ပုဇွန်ရယ် ပင်စိမ်းရွက်ရယ်ချက်ပြီး ငါးပိထောင်းနဲ့ ထမင်းစားကြည့်၊ ဆွေမျိုးမေ့သွားအောင်ကို ထမင်းစားမြိန်ပါတယ်ဟု ရှင်းပြခဲ့သည်။

လင်းသန့်(ပြန်/ဆက်)