ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ မုံရွာမြို့၌ ကျင်းပ

မုံရွာ ဇူလိုင် ၂၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မုံရွာမြို့၌ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့် ဝန်ထမ်းများ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်လုပ်ကိုင်နေကြသော သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ယခုတက်ရောက် သင်ကြားပြီးသော သင်တန်းဆင်းများအနေဖြင့် အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆက်လက်လေ့လာသွားကြရန်နှင့် သင်ကြားမှု၏ အဓိကအချက်များ၊  ဆရာ၊ ဆရာမများ၏ ကျင့်ဝတ်များကို အလေးထား လိုက်နာသွားကြစေကြောင်း၊ မူကြိုကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးခြင်းသည် နိုင်ငံတော်အတွက် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေသည်ဖြစ်၍ အထူးအလေးထား လုပ်ဆောင်သွားကြရန်နှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်လို့ အတွေ့အကြုံများရှိသော်လည်း သင်တန်းကရရှိတဲ့ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများကို စနစ်တကျနဲ့ မိမိတို့ကျောင်း/ဌာနများရှိ လက်တွေ့နယ်ပယ်အသီးသီးမှာ ပြန်လည်အသုံးချပြီး မိမိတို့နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေပေးသွားကြပါလိုကြောင်းနှင့် ကလေးသူငယ်များရဲ့ အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေ့ရှုပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှုစတဲ့ ဘက်စုံဖွံ့ဖြိုးမှုတွေကို ခွဲခြားမှုမရှိဘဲ တစ်ပြေးညီရရှိစေဖို့အတွက် ဦးတည်ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်အနာဂတ်ဖြစ်တဲ့ ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ပေးကြမယ့် ဆရာမများအနေနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာဆိုတဲ့ နာ(၅)နာနဲ့အညီ ကလေးများအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်း၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းသူများမှ ECCD သီချင်း၊ မူလတန်းကြိုကျောင်းသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဂါရဝပြုနှုတ်ဆက်သီးချင်းကို သီဆိုဖျော်ဖြေပြီးနောက် အဆိုပါ သင်တန်းခန်းမတွင် ခင်းကျင်းပြသထားသော သင်တန်းဆင်း၊ သင်တန်းသူများ လက်ရာများကို ကြည့်ရှုအားပေးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှုးပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်လုပ်ကိုင်နေကြသော သင်တန်းသူ(၂၀)ဦးအား လက်တွေ့ပုံပြင်စာအုပ်ပြုလုပ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ လက်မှုအနုပညာသင်ကြားခြင်း၊ ကလေးများနှင့် အတူလုပ်ကိုင်ခြင်း၊ ပတ်ဝန်းကျင်အခြေပြုသင်ကြားခြင်း၊ သင်ထောက်ကူ ပစ္စည်းများပြုလုပ်ခြင်း၊ မိဘရပ်ရွာ ပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်း၊ တစ်ပတ်စာ အစီအစဉ်ရေးဆွဲခြင်း၊ ကွင်းဆင်းရန် ပြင်ဆင်းခြင်းနှင့် ကွင်းဆင်းခြင်းအပြင် လူမှုဝန်ထမ်းလုပ်ငန်းကြီး(၇)ရပ်၊ ကလေးသဘောသဘာဝ လိုအင်နှင့် လိုအပ်ချက်၊ ကလေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊  သင်ရိုးညွှန်းတန်းနှင့် သင်ရိုးမာတိကာများ၊ သင်ယူမှု အခြေခံအုတ်မြစ်များ၊ အကူးအပြောင်းကာလ အရေးကြီးပုံ၊  ကစားခြင်းမှ သင်ယူခြင်း၊ တေးဂီတဖြင့် သင်ယူခြင်း၊ ကြည့်ရှုလေ့လာခြင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ခြင်း၊ ပုံပြင်ပြောကြားခြင်း နည်းလမ်းများ စသည့်ဘာသာရပ်များကို ဇူလိုင်လ () ရက်နေ့မှ ဇူလိုင် (၂၁)ရက်နေ့အထိ သင်တန်းကာလ(၂၁)ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အဆိုပါ သင်တန်းကို ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဦးစီးဌာနရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း တတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူကြိုကျောင်းများ၊ အခြားဌာနဆိုင်ရာများမှ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို စိတ်ပါဝင်စားသူများ၊ ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ သင်တန်းမတက်ရောက်သေးသော ကလေးပြုစုစောင့်ရှောက်သူများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)