ပူတာအို ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် တောင်သူများ မြေသြဇာကုန်ကျစရိတ် သက်သာလာစေရန်နှင့် စိုက်ပျိုးပြီး စိုက်ပင်များ (၁၆)ရက်သားတွင် မြေသြဇာကျွေးပေးခြင်းအားဖြင့် အပင်ပွားများများထွက်ရှိလာပြီး အထွက်နှုန်း တိုးတက်လာစေရန်အတွက် မိုးစပါး ဆင်းဧကရီ-၃ အထွက်တိုးစိုက်ခင်းအတွင်း ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁ အချိုး ၃)အချိုးကျ ရောစပ်ထားသော မြေသြဇာများ တောင်သူပညာပေးအနေဖြင့် ကြဲပက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ အမ်ဘူဒမ်းကွင်းအမှတ်(၁) ဦးပိုင်အမှတ်(၁၃၄) တောင်သူ ဦးခေါင်လန်ရောဘတ်ဆန်းနှင့် ဦးခေါင်လန်ဒဂုဏ်တို့၏ လယ်မြေငါးဧက၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ဒေသဝမ်းစာဖူလုံရေးနှင့် ပူတာအိုလွင်ပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင်းဧကရီ-၃ မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်းနှင့် ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ ရောစပ်သုံးစွဲခြင်းအားဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး တောင်သူဝင်ငွေ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း တောင်သူပညာပေး ဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်မိုးနှင့် မချမ်းဘော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်တို့က သဘာဝမြေသြဇာပြုလုပ်နည်း၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာအချိုးကျ ပေါင်းစပ်သုံးစွဲနည်းတို့ကို တက်ရောက်လာသည့် တောင်သူများအား လက်တွေ့ရှင်းလင်းပြသပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ခင်းအတွင်း မြေသြဇာများ စနစ်တကျ ကြဲပက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
မချမ်းဘော့မြို့နယ်အနေဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုး ဆင်းဧကရီ-၃ မျိုးစပါးပြောင်းလဲ စိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ် ပြောင်းလဲခြင်းတို့ကို မြို့ပေါ်ရပ်ကွက် နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စုငါးအုပ်စုနှင့် တောင်သူပေါင်း (၁၈၀)ဦးတို့က စိုက်ဧက (၂၀၀)ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)