ရှမ်းရွာသစ် ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မျောက်ကျောက်ရောဂါအကြောင်း သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မိုးအေးက ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ ကျေးလက် ကျန်းမာရေးဌာနမှ သားဖွားဆရာမဒေါ်နန်းချစ်စဖွယ်က မျောက်ကျောက်ရောဂါအကြောင်း၊ မျောက်ကျောက်ရောဂါကူးစက်ပုံ နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ လက္ခဏာများ၊ မျောက်ကျောက်ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာ ကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)