ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်အခြေအနေများနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး အတွေးအခေါ် အမျှော်အမြင်များ ရင့်ကျက်လာ၍ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်လာနိုင်စေရေး သုတ၊ ရသ စာအုပ်စာစောင်များအား အစဉ်အမြဲဖတ်ရှုလေ့လာတတ်သော ဝါသနာနှင့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရေးအတွက် စာဖတ်စာငှားခြင်းလုပ်ငန်းများ မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဝန်ဆောင်မှု ပေးခြင်း မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်၊ စာငှားခြင်းနှင့် စာဖတ်ဝိုင်းများအား ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
၎င်းဦးစီးဌာနအနေဖြင့် မိဘပြည်သူများအား အဆိုပါဝန်ဆောင်မှုလုပ်ငန်းများအား စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များအား ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး စာကြည့်တိုက်မှူး ဒေါ်ဇာခြည်ဝင်းက ဦးဆောင်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်လ အတွေးအမြင်စာစုများ ခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများဖြစ်သည့် စကားပြောဖို့ ခလုတ် နိုပ်ပါ၊ လူတန်းစားအလွှာမခြားနားစေရာ၊ အချိန်အခါကိုသိပါ၊ ရှင်သန်တိုးပွားချစ်ခြင်းတရား စသည့် ခေါင်းစဉ်ပါဆောင်းပါးများအား Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းအလှည့်ကျဖတ်ရှု၍ မိမိတို့၏ ထင်မြင်ယူဆချက်များအား အပြန်အလှန်ပြန်လည်ပြီး ဆွေးနွေးကြကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)