ပုသိမ် ဇူလိုင် ၂၁
ပုသိမ်ခရိုင်အဆင့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများကို ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့များက ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ပြီး ကျင်းပမည့် နေ့ရက်တွင် အဆင်ပြေရေး ကော်မတီအဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။
ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ဇူလိုင်လ ၂၃/၂၄ ရက်နေ့များတွင် ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ခရိုင်အတွင်းရှိ မြို့နယ်များ စခန်းသွင်းလေ့ကျင့်ခြင်း များ ပြုလုပ်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်လျက်ရှိကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပွဲဦးအလင်္ကာ အပျိုတော်ယိမ်း၊ တစ်ကိုယ်တော်အက၊ ဒိုးပတ်အဖွဲ့၊ အမျိုးသမီးဆိုင်းအဖွဲ့ စသော အဖွဲ့များ၏ ပြိုင်ပွဲဝင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်