ကျုံပျော်တွင် ဧက(၁၀၀) တစ်ဧကတင်း(၁၀၀) ထွက်ရှိရေးအတွက် စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ကျုံပျော် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း မိုးစပါးဧက (၁၀၀)ကို  တစ်ဧက တင်း(၁၀၀)နှုန်း ထွက်ရှိရေးအတွက်  စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းအောင်ဆန်းက  စိုက်ပျိုး နည်းစနစ် မှန်ကန်ရေး၊ စေတနာအား၊ လူအား၊ နည်းပညာအား ပေါင်းစပ်ခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်ရေး ပြသကြရန်နှင့် ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ၎င်း၊  ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းစိုးက မိုးစပါးဧက(၁၀၀)လျှင် တစ်ဧကတင်း (၁၀၀)ထွက်ရှိရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းနှင့် ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒု-တိုင်းဒေသကြီး ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က မြေဩဇာနှင့် ထောက်ပံ့ငွေများအား တောင်သူများ လက်ဝယ်သို့ အသီးသီးပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက  နည်းပညာပေးမှုများအား လိုက်နာကျင့်သုံးပြီး တစ်ဧက တင်း(၁၀၀)ထွက်ရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့ သည်။

အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်အဆင့် ဌာနအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးကျော်ကျော်နှင့် ဝန်ထမ်းများ၊ ဧက(၁၀၀)စံပြကွက် စိုက်ပျိုးကြသည့် တောင်သူ(၂၈)ဦးတို့ တက်ရောက်ခဲ့ကြပြီး တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းခွဲနှုန်းဖြင့် ဧက(၁၀၀)အတွက် ကျပ်သိန်း ပေါင်း(၁၅၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)