ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4, BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4, BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပြည့်အဝထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ နေထိုင်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်း မိသားစုများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးသက်တမ်းမကုန်ဆုံးမီ စနစ်တကျစီမံခန့်ခွဲ၍ ကာကွယ်ဆေးထိုးနှံရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အထူးအလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသမှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Facility Quarantine များ ကြိုတင် ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကျန်ရှိမှုနှင့် Oxygen Plant များ အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ Facility Quarantine များ ကြံ့ခိုင်မှုစစ်ဆေး ခြင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးခြင်းနှင့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး ထိုးစာရင်းများ စနစ်တကျ Database အတွင်း ထည့်သွင်းနိုင်ရေး အကြံပြုတင်ပြချက်များ အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)