လွိုင်ကော် ဇူလိုင် ၂၁
စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန် ရည်ရွယ်၍ အခြေခံအထက်တန်းကျောင်းများ၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးမိုးညွန်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကို ရှင်းလင်းပြောကြားပြီး ဒုဦးစီးမှူး ဒေါ်နော်ကြူကြူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ TV များတွင် ကလေးများ အတုယူမမှားသင့်သော အလွန်အကြူးချဲ့ ကားကြော်ငြာနေသော ကြော်ငြာများနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo ၊ Telenor ၊ Mytel ဆင်းကဒ်များဖြင့်လည်းကောင်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ၊ ဗွီနိုင်းများကို ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၄) ဦး တက်ရောက်ခဲ့ကြပြီး ယခုလို အသိပညာပေး ဟောပြောသောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တောင်းဆိုရယူ တတ်လာမည်ဖြစ်သည်။
ကိုဇင်