ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီချိန် လယ်ထွန်အငှားလိုက်သူများ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိ

ပွင့်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးနှင့် အခြားမိုးသီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကျေးရွာအချို့တွင် မိုးသီးနှံစိုက်ပျိုးရန်အတွက် ဒေသခံတောင်သူများက လယ်မြေများထယ်ရေးညက်စေရန် လယ်ထွန်ငှားရမ်းစိုက်ပျိုးလုပ်ကိုင်ကြသဖြင့် နေ့စားလယ်ထွန်အငှားလိုက်သူများ နေ့စဉ်မိသားအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူအများစုက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး မိုးစပါးနှင့် အခြားမိုးသီးနှံများကို စိုက်ပျိုးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ယခုလို မိုးသီးနှံများ စိုက်ပျိုးလုပ်ကိုင်ရာတွင် ဒေသခံတောင်သူတွေဟာ လယ်ယာသုံးစက်ကိရိယာများကို ငှားရမ်း၍ စိုက်ပျိုးလုပ်ကိုင်ကြသလို အချို့တောင်သူတွေကတော့ နွားရှဉ်းဖြင့်ထွန်ယက် စိုက်ပျိုးကြပါတယ်။ ဒါ့ကြောင့် နွားရှဉ်းရှိတဲ့သူတွေက မိသားစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် နေ့စားလယ်ထွန်အငှားလိုက်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး အဆင်ပြေနေကြပါတယ်။ လယ်ထွန်အငှားလိုက် လုပ်ငန်းက တစ်မနက်စာအတွက် ငွေကျပ် ၈၀၀၀ ရရှိပြီး တစ်နေကုန်ဆိုလျှင် ငွေကျပ် ၁၆၀၀၀ ရရှိပါတယ်။ ဒေသခံ တောင်သူတွေဟာ မိုးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ငှားရမ်းစိုက်ပျိုးခြင်းအပြင် နွားရှဉ်းရှိတဲ့သူတွေကိုလည်း လယ်ထွန်ရန်အတွက် ငှားရမ်းစိုက်ပျိုးလုပ်ကိုင်ကြသဖြင့် နေ့စားလယ်ထွန်အငှားလိုက်တဲ့ ဒေသခံတောင်သူများ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေနေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်း က ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇွန်လ(၁၅)ရက်နေ့မှ စတင်ကာ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးသဖြင့် ဒေသခံတောင်သူများက မိုးသီးနှံလျာထားဧက ပြည့်မီရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ငှားရမ်း၍ လည်းကောင်း၊ လယ်ထွန်အငှားလိုက်သူများကို ငှားရမ်း၍လည်းကောင်း ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရကာ တစ်မြို့နယ်လုံး မိုးသီးနှံလျာထားဧကအနေဖြင့် မိုးစပါးသီးနှံ ၆၉၀၉၄ ဧကနှင့် အခြားမိုးသီးနှံ ၂၇၉၃၁ ဧက၊ စုစုပေါင်း မိုးသီးနှံလျာထားဧက ၉၇၀၂၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )