မင်းဘူး(စကု)မြို့နယ်တွင် မိုးကြိုစိုက်ပျိုးသော နှမ်းများ စတင်ရိတ်သိမ်းကာ အထွက်နှုန်းကောင်းမွန်

မင်းဘူး  ဇူလိုင်  ၂၁

မကွေးတိုင်း‌ဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးကြို ကြဲပက်ထားသော နှမ်းများ ရင့်မှည့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး အသီးများ ရင့်မှည့်၍ နုတ်သိမ်းချိန်တွင် အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် နှမ်းများ မစိုက်ပျိုးမီအချိန်ကပင် ထယ်ရေးဖမ်းကာ မြေများနှပ်ထားပြီး မိုးများစတင် ဖြိုင်ဖြိုင်ရွာချိန်တွင် နှမ်းများကို ကြဲပက်ကာ အပင်ပေါက်များ ကောင်းမွန်၍  အပင်ဖြစ်ထွန်းမှု အရှိန်မပျက်ဘဲ အပွင့်ပွင့်ချိန် သီးလုံးများ ဖြစ်ထွန်းချိန်အထိ မိုးရွာသွန်းမှု ကောင်းမွန်သောကြောင့် နှမ်းများ အထွက်နှုန်း ကောင်းမွန်ကြောင်း ရေပုတ်ကျေးရွာ နှမ်းစိုက် တောင်သူများထံမှ သိရသည်။

မိုးကြိုနှမ်းများကို မေလဆန်းတွင် စတင်စိုက်ပျိုးပြီး နှမ်းများ ဖြစ်ထွန်းပြီး အပင်များ ကောင်းမွန်လျက်ရှိသောကြောင့် တစ်ဧကလျှင် တင်း (၂၀) ထွက်ရှိကာ ယခုနှစ် မိုးနှမ်းစိုက်ပျိုးသူများ စားသုံးဆီ ဖူလုံရုံသာမက နှမ်းဈေးများမှာလည်း နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဈေးရရှိ၍ တွက်ခြေကိုက်ကာ နှမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက် ရှိကြသောကြောင့် တိုးချဲ့စိုက်ပျိုးလာကာ မင်းဘူး(စကု)တစ်မြို့နယ်လုံး ၅၇၄၀၅ ဧကအထိ စိုက်ပျိုးထားကြကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)