ဆိပ်ဖြူမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေး

ဆိပ်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများ လိုက်ပါ၍ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် ချောက်မြို့နယ်မှ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ၊ ဆိပ်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆိပ်ဖြူ ကြက်သွန်နီကုန်စည်ဒိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးမှတ်ကျော်နှင့် အဖွဲ့ဝင်များ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအား မိတ်ဆက် အမှာစကားပြောကြားပြီး ကုန်စည်ဒိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ကျေးလက်နေ တောင်သူများ လူမှုဘဝမြင့်မားတိုးတက်စေရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့အရပ်ဒေသတွင်  ကျစ်လစ်ခိုင်မာသည့် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းများ အဖြစ် ဖော်ဆောင်နိုင်ပြီး တိုင်းဒေသကြီးအဆင့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ထိုသို့ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးအဆင့် အဖွဲ့ဝင်များပါဝင်နိုင်ရေး  အတွက် သက်ဆိုင်ရာ မြို့နယ်ကုန်စည်ဒိုင်များက သင့်တော်သည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ရွေးချယ်၍  ကိုယ်စားလှယ်စာရင်းများကို တိုင်းဒေသကြီးသို့ ပေးပို့ ဆောင်ရွက်နိုင်ရေး တို့ကို လမ်းညွှန်ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များက ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုအသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်သွားရန် လမ်းညွှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။ 

စိုးလင်းနိုင် (IPRD)