ကျောင်းကုန်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ(ခရိုင်အဆင့်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ အကြိုကပြဖျော်ဖြေခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျွန် တော်တို့မြို့နယ်အနေဖြင့် ဆို၊ က၊ ရေး၊ တီး ပြိင်ပွဲ အခြေခံအဆင့်တွင် ဆိုင်းနှင့်ကဗျာလွတ်၊ ဝါသနာရှင် ဒုတိယအဆင့်တွင် အိုးစည်၊ ဆိုင်း၊ ခေတ်ဟောင်း/ကာလပေါ်တေး၊ ပတ္တလားနှင့် ဒိုးပတ် စသည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ဂုဏ်ပြုဆု ချီးမြှင့်နိုင်ရေးနှင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဝင်ရောက်နိုင်ရေးအတွက် မြို့နယ်စီးပွားရေး လုပ်ငန်းရှင်များ၊၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း လှူဒါန်းငွေ (၁၀၅)သိန်းကျော်ကို တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ဝတ်စုံစရိတ်နှင့် စားသောက်ရန်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ ဒိုင်အဖွဲ့ဝင်များကိုယ်စား ဦးထွန်းလွင်က ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝါသနာရှင် ဒုတိယအဆင့်မှ အိုးစည်အဖွဲ့၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် အခြေခံအဆင့် ဆိုင်းတစ်ဦးခြင်းမှ စဟိန်းထက်ဝေ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် အခြေခံအဆင့် ကဗျာလွတ်အက(ကျောင်းသူလေးများ)၊ ဝါသနာရှင် ဒုတိယဆင့်ဆိုင်း တစ်ဦးခြင်းမှ ဦးဖိုးချစ်၊ ဝါသနာရှင်ဒုတိယဆင့် ခေတ်ဟောင်း/ကာလပေါ်တေးမှ ဒေါ်တင်တင်ဝင်း၊ ဝါသနာရှင် ဒုတိယအဆင့်ပတ္တလားမှ ဦးထွန်းထွန်းဦး၊ ဝါသနာရှင် ဒုတိယဆင့်မှ ဒိုးပတ်အဖွဲ့တို့က အသီးသီး တီးခတ်၊ ကပြ၊ သီဆို၊ တီးမှုတ် ကခုန်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)