ဘိုကလေးမြို့နယ်ရှိ သုခဝေဖြာ ပရဟိတဖောင်ဒေးရှင်း တရားစခန်းပွဲ ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက် ဦးဆောင်ဆရာတော်ကိုယ်တိုင် ဆွမ်းခံထွက်ရှိ

ဘိုကလေး ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရတနာ(၃)လမ်းနှင့် ကြံတိုင်းအောင်(၄)လမ်းကြားရှိ ဇမ္ဗူဒီပရတနာကျောင်းတိုက်တွင် ဦးဆောင်ဆရာတော် ဘဒ္ဒန္တအသျှင်တေဇ (မိဘဂုဏ်ရည်) ကြီးမှူး၍ တည်ထောင်ဖွင့်လှစ်ထားသည့် သုခဝေဖြာ ပရဟိဖောင်ဒေးရှင်းသည် ဝါဆိုလပြည့်နေ့မှစတင်၍  ယောဂီနွယ်ဝင် သူတော်စင်အပေါင်းတို့အား တတိယအကြိမ်မြောက် မိုးကုတ်ဝိပဿနာ ဝါတွင်းရက်(၁၀၀) အလုပ်ပေးတရားစခန်း ဖွင့်လှစ်ပို့ချလျက်ရှိရာ တရားစခန်း ဝင်နေသည့် ကာလတစ်လျှောက် ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဦးဆောင်ဆရာတော် ဘဒ္ဒန္တအသျှင်တေဇ (မိဘဂုဏ်ရည်) ကိုယ်တိုင်ကျောင်းရှိ သံဃာတော်များနှင့်အတူနေ့စဉ် ဆွမ်းအလှူခံထွက်ရှိလျက်ရှိသည်။

ဆရာတော် ဆွမ်းခံထွက်ရှိရာတွင် လမ်းအသီးသီးမှ ဆွမ်းဒကာ/မ အပေါင်းတို့မှ ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီး၊ လှူဖွယ်ပစ္စည်းအစုစုတို့အား လောင်းလှူပူဇော်ကြကြောင်း၊ ဆရာတော်ဦးဆောင်သည့် သုခဝေဖြာ ပရဟိတဖောင်ဒေးရှင်းသည် အများပြည်သူ အကျိုးဖြစ်ထွန်းဖွယ်ရာ လုပ်ငန်းများဖြစ်သည့် အရေးပေါ် လူနာများအား လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီမှု၊ အောက်စီဂျင်လှူဒါန်းမှု၊ သွေးလှူဒါန်းမှုများအား (၂၄)နာရီ အခမဲ့ဝန်ဆောင်မှုဖြင့် လူမှုအကျိုးပြုလုပ်ငန်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိပြီး အလှူ့ရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် ဘိုကလေးမြို့နယ်ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် လူနာများအတွက် ထမင်း၊ ဟင်း အစာအာဟာရများ နေ့စဉ် ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဖောင်ဒေးရှင်းတည်ထောင်ထားသည့် ပတ်ဝန်းကျင် အမှတ်(၈)ရပ်ကွက်အတွင်းမှ ချို့တဲ့အိမ်ထောင်စုများကိုလည်း ရေသန့်ပေးဝေလှူဒါန်းမှုများအား နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလတွင်လည်း ဘိုကလေးမြို့အတွင်းမှ Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားရှိခံရသူများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အစာအာဟာရများ ပေးပို့လှူဒါန်းမှုများလည်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပရဟိဖောင်ဒေးရှင်းအား ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလတွင် အဖွဲ့ဝင်(၃၀)ကျော်ဖြင့် စတင် တည်ထောင်ခဲ့ရာ ၂၀၂၀ခုနှစ် ဧပြီလအတွင်း သက်ဆိုင်ရာမှ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ် ထုတ်ပေးခွင့်ပြုခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)