မြိတ် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်စစ်တုရင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဖလား (၃)ခရိုင်စစ်တုရင် ပြိုင်ပွဲကို ခရိုင်အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စတင်၍ ကျင်းပလျက်ရှိသည်။
စစ်တုရင်ပြိုင်ပွဲအား တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး စစ်တုရင်ပြိုင်ပွဲဝင် အားကစားသမားများနှင့် တိုင်းဒေသကြီး/ပြည်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ကြမည့် တနင်္သာရီတိုင်းဒေသကြီး ကြက်တောင်အသင်းမှ အားကစားသမားများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ရှေးဦးစွာ တိုင်းဒေသကြီး ကြက်တောင်အသင်းနှင့် စစ်တုရင်ပြိုင်ပွဲဝင် အားကစားသမားများက အသင်းအလိုက် မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက အားကစားသည် နည်းစနစ်များအတိုင်း အမြဲတမ်းလေ့ကျင့်နေမှ ယှဉ်ပြိုင်နေမှ ကြိုးစားနေမှ အောင်မြင်မှာဖြစ်ကြောင်း၊ အားကစားသမားများက အုပ်ချုပ်နည်းပြများနှင့် တာဝန်ရှိသူများ၏ ဦးဆောင်မှုနှင့်အတူ အားကစားကဏ္ဍမြှင့်တင်ရေး၊ အောင်မြင်မှုရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားပေးကြရန် ပြောကြားသည်။
ထို့နောက် စစ်တုရင်ပြိုင်ပွဲဝင် အားကစားသမားများ ယှဉ်ပြိုင်နေမှုအား လူမှုရေးဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးအားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင့်ရွှေနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် အလွတ်တန်းပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက်ပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပလျက်ရှိပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်(၃)ခုမှ ပြိုင်ပွဲဝင်အားကစားသမား (၃၆)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြကာ ပြိုင်ပွဲကို ဇူလိုင်(၂၀)ရက်မှ (၂၂)ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမှ ထူးချွန်သော အားကစားသမားများကို တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်အာကစားသမားများ ရွေးချယ်၍ စက်တင်ဘာလအတွင်း ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့သွား ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )