ငါးသိုင်းချောင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဓါတ်ပုံပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များအတွက် အခြေခံဓါတ်ပုံပညာနှင့် မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးနည်း (အခမဲ့)ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ၌ မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား၍ သင်တန်းစတင် ဖွင့်လှစ်သင်ကြားခဲ့ပြီး ဆက်လက်၍ ဓါတ်ပုံရိုက်ကူးနည်းသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ရာ (ဓါတ်ပုံကျွမ်းကျင်-၂) ဦးစိုးမင်းဦးက အခြေခံဓါတ်ပုံပညာ၊ မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးနည်းနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်းဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့သည်။
ထို့နောက် Skynet One News Channel သတင်းထောက် ဦးမင်းဇော်ဦးက သတင်းဓါတ်ပုံရိုက်ကူးခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံ ဗဟုသုတများ၊ လူမှုကွန်ရက် မီဒီယာများတွင် ဓါတ်ပုံဖော်ပြခြင်းနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအကြောင်းနှင့် အထွေထွေဗဟုသုတများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ(၂၀)မှ (၂၁)ရက်နေ့အထိ (၂)ရက်တာ ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ၊ မြို့ပေါ်ရှိဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဓါတ်ပုံပညာရပ်ကို စိတ်ပါဝင်စားသူ ဒေသခံလူငယ်များ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ခေတ်စနစ်နှင့်အညီ လူမှုကွန်ရက်မီဒီယာများကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းနှင့် ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများကို အချိန်နှင့်တပြေးညီ စနစ်တကျ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်၊ ဓါတ်ပုံပညာနှင့်ပတ်သက်သော အသိပညာ၊ အတတ်ပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ ကောင်းစွာ အသုံးချဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ (အခမဲ့) ရက်တိုသင်တန်းကို စီစဉ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက် ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)