အိမ်မဲမြို့နယ်တွင် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေး

အိမ်မဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် မြို့နယ် သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ယမန်နေ့ ညနေ ၃ နာရီတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်စောသန္တာဦးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့်မဝေးကွာလိုစေရန်၊ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ /ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)