ဘားအံမြို့၌ ခရိုင်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်း အမှတ်စဉ် (၁/၂၀၂၂ )ဖွင့်လှစ်

ဘားအံ ဇူလိုင် ၂၁

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ ဘားအံမြို့တွင် ခရိုင်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်(၁၁:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံ အပါအဝင် မြန်မာနိုင်ငံမှာ နှစ်စဉ်သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ နေရပြီး လူတွေကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များလည်းရှိသလို သဘာဝအလျောက်ဖြစ်တဲ့ ဘေးအန္တရာယ် များကြောင့်  ယနေ့လူသားများ သဘာဝဘေးဒုက္ခတွေ ကြုံတွေ့နေရပါကြောင်းနှင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ယခုသင်တန်းမှာ သဘာဝဘေးလျော့ပါးရေး ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှုများကို သုံးရက်တာကာလ သင်ကြားပေးသွားမှာဖြစ်တဲ့ အတွက် သင်တန်းသား/သင်တန်းသူများ အနေဖြင့်လည်း ဆွေးနွေးပို့ချမှုများကို စာတွေ့လက်တွေ့ လေ့လာမှတ်သားပြီး မိမိရပ်ကွက်/ကျေးရွာအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မိမိစံက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းကို ရပ်ကွက် (၉)ရပ်ကွက်၊ ကျေးရွာ(၆)ရွာမှ စေတနာ့ဝန်ထမ်းလူငယ်(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသား/သူများအား ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်း များ ခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့မှ နည်းပြ များက စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ၂၀-၇-၂၀၂၂ ရက်နေ့မှ ၂၂-၇-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)