ဘားအံ ဇူလိုင် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀) စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိခေတ်မီစံပြကျေးရွာ၊ ကွင်းအမှတ် ၁၀၄၇ မုက္ကဒိကွင်းရှိ တောင်သူဦးစောတိုးလှိုင်၏ လယ် ၂ ဧက ၌ ကျင်းပသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၊ မုက္ကဒိခေတ်မီစံပြကျေးရွာ၊ ဖားနွဲ့ကျွန်း၊ ခဲတောက်ကျေးရွာများမှ တောင်သူလယ်သမား များ တက်ရောက်ခဲ့ကြပြီး အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ပျိုးဖျာလိပ်နည်းစနစ်ဖြင့် ပျိုးထောင် ထားသော စပါးပျိုးပင်များ အား ကူဘိုတာခြောက်တန်းသွားကောက်စိုက်စက်(၂)စီးဖြင့် မိုးစပါး စိုက်ပျိုးခြင်းအား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါကောက်စိုက်စက်သည် လယ်တစ်ဧကကို တစ်နာရီခန့်သာ စိုက်ပျိုးချိန်ကြာမြင့်မည်ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင် လုပ်သား ရှားပါးခြင်းကို ဖြေလျှော့နိုင်မည်ဖြစ်ကာ ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက် ဝယ်ယူသုံးစွဲလိုပါက လက်ငင်းငွေကျပ် သိန်း(၃၀၀)ကျော် ကျသင့်မည် ဖြစ်ပြီး အရစ်ကျစနစ်အနေဖြင့်လည်း ဝယ်ယူရရှိနိုင်ကာ ငှါးရမ်းသုံးစွဲမည်ဆိုပါက လယ်တစ်ဧက စိုက်ပျိုးစရိတ် ၃၆၀၀၀ (သုံးသောင်းခြောက်ထောင်)ကျပ် ကျသင့်မည်ဖြစ်သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ မိမိတို့ဒေသသည် စိုက်ပျိုးရေးကို အခြေခံသည့်ဒေသဖြစ်ပြီး လယ်ယာမြေများကို အကျိုးရှိရှိ အသုံးချနိုင်ဖို့သည် အရေးကြီးကြောင်း၊ လယ်ယာ လုပ်သားရှားပါးလာခြင်းနှင့် သီးထပ်၊ သီးညှပ်များ စိုက်ပျိုး လုပ်ကိုင်ကြရာတွင် အလျဉ်မီစေရေး အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဖို့လိုပြီး ထိုသို့ကူးပြောင်း လုပ်ကိုင်ခြင်းဖြင့် အချိန်နှင့်ငွေကုန်ကြေးကျ သက်သာစေကာ အကျိုးအမြတ်များ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်း၊ မျိုးစပါး၊ သွင်းအားစု၊ စိုက်နည်းစနစ်နှင့် စက်ယန္တရား လိုအပ်ချက်များကို တင်ပြကြ စေလိုပြီး အတက်နိုင်ဆုံး ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသော တောင်သူလယ်သမားများက စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ သိရှိလိုသည်များအား တင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)