မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ

အထက်မင်းလှ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက လယ်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်း‌ကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၊ သင်တန်းမှသင်ကြားခဲ့သည့် နည်းပညာများအား ဆက်လက်အသုံးချ လုပ်ကိုင်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ သင်တန်းသား(၂၀)ဦးအား ဇူလိုင်(၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)