နတ်မောက်မြို့နယ်၌ (၂၃) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ ပမာဏတင်ဆက်မှု အခမ်းအနားကျင်းပ

နတ်မောက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၂၃) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပမာဏတင်ဆက်မှု အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာ  အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်မှ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ရာ   အမှတ်ပေးစည်းမျဉ်းများကို ပိုင်နိုင်အောင်လေ့ကျင့်ထားရန်၊ ခရိုင်အဆင့် ကိုယ်စားပြုပြီးလျှင် တိုင်းအဆင့်နှင့် နေပြည်တော်ဗဟိုအဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ယခုလိုပြိုင်ပွဲများကို ကြိုတင်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝါသနာရှင်အဆင့်နှင့် ပညာရှင် အဆင့် ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြိုင်ပွဲအားလုံး အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များအားလုံးက    ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်၊ ဆက်လက်၍ အဆိုဝါသနာရှင် ဦးကျော်သက်ဝေက ပြိုင်ပွဲဝင်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ အတီးဝါသနာရှင် ဦးဝမ်းမိုးက  ပြိုင်ပွဲဝင်သီချင်းဖြင့် တီးမှုတ်ဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက  ကဗျာလွတ်  ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေပြသခဲ့သည်။

အဆိုပါ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ ပမာဏတင်ဆက်မှု အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း