ဟားခါး ဇူလိုင် ၂၁
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူးပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ပရိတ်တရားနာယူခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါး၊ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့၊ ကျောဘုတ် သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညောဘာသ (မဟာသဒ္ဓမ္မဇောတိကဒဇ) အရှင်မြတ်ထံမှ ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖက်သရဇ္စျာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ ပြည်နယ်သာသာရေးဦးစီးမှူးနှင့် ဟားခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်အောင်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်ရှိ၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ (ဓမ္မကထိကဗဟုဇန ဟိတဓရ၊ မဟာဂန္ထဝါစကပဏဏ္ဍိတ) အရှင်သူမြတ်ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)