ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံကွန်ပျူတာပညာသင်တန်း ဖွင့်လှစ်

ပွင့်ဖြူ မတ် ၁၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း(Book Club)တို့ ပူးပေါင်း စီစဉ်ဖွင့်လှစ်သည့် Basic Computing & Scratch Programming For Kids နွေရာသီ အခြေခံကွန်ပျူတာ ပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက ဆရာကြီးဦးစိန်လွင်(ပညာရေးမှူးငြိမ်း)က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေး ပြောကြားပြီး (Book Club)အဖွဲ့ဝင် ဆရာကြီး ဦးကျော်စိုးက သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မြင့်မြင့်အေး က အခြေခံကွန်ပျူတာပညာရပ်နှင့် ပက်သက်ပြီး ပို့ချ သင်ကြား ပေးမည့် သင်ခန်းစာများကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ကွန်ပျူတာပညာရပ်အား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးထက်မြက်စေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံကွန်ပျူတာနှင့် ပက်သက်သည့် စာစီစာရိုက်နည်း စနစ်များ ၊ ဖိုင်ဖွင့်နည်းနှင့် ဖိုင်အထားအသို သိမ်းဆည်းခြင်းစနစ်များ၊  စနစ်တကျ ကွန်ပျူတာ အဖွင့် အပိတ် ပြုလုပ်နည်း စနစ်များကို စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မတ် ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပြီး မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀ ဦး တက်ရောက် သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

  ရဲဝင်းနိုင် ( ညောင်ဦး )