ပွင့်ဖြူမြို့နယ်၌ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေး ကိစ္စရပ်များ ပညာပေးဆွေးနွေး

ပွင့်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့မှ ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးမင်းပိုင်စိုးက ကျေးရွာလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ကြရန်၊ ထူးခြားဖြစ်စဉ် အခြေအနေများရှိပါက အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်၊ ကျေးရွာပြည်သူလူထုအနေဖြင့် ကျေးရွာအဆင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးမှုအပေါ် ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ကျေးရွာ ရပ်မိရပ်ဖများက မိမိတို့ကျေးရွာ အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလိုသည့် ကိစ္စများကို ဆွေးနွေးတင်ပြကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးကာ ရပ်ရွာလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)