ပုသိမ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင် အဖွဲ့ကြီးမှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသော ဝါတွင်းကာလ အရုဏ်ဆွမ်း လောင်းလှူပူဇော်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယခုအကြိမ်အထိ (၁၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ အမှတ်စဉ်(၆) အလှူရှင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လှူဒါန်းသည့် ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်းလောင်းလှူပွဲ ကြီးကို ယမန်နေ့ နံနက် ၄ နာရီအချိန်တွင် ပုသိမ်မြို့၊ ရွှေမုဌောဘုရား အရှေ့ဘက်မုခ်ဦးတွင်ရှိသော ဒေါ်လှယဉ်(ဝိသာခါ)ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့် ဇနီးဒေါ်မီမီစိုးတို့မှ ဦးဆောင်၍ ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများပေါင်းစု၍ ပုသိမ်မြို့ပေါ်ရှိ ကျောင်းပေါင်း (၁၀၈)ကျောင်းမှ ဆရာတော်အရှင်သူမြတ် စုစုပေါင်း (၁၉၃၉)ပါးတို့အား အာရုဏ်ဆွမ်း လောင်းလှူပူဇော်ခဲ့ကြသည်။
အာရုဏ်ဆွမ်း လောင်းလှူပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ် ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြကာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။
ပုသိမ်မြို့မရမ်းချိုကျောင်းတိုက် ဆရာတော်ထံမှ ရေစက်ချတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်း ပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်တော်မူခဲ့ကြသည့် ဆရာတော်ကြီးငါးပါးတို့အား အရုဏ်ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနား တက်ရောက်ကြသူများနှင့် ဝေယျာဝစ္စ လုပ်ကိုင်ပေးခဲ့ကြသော ပုသိမ်မြို့တစ်ဖက်ကမ်း ကွက်ပြင်ကြီးကျေးရွာမှ မေတ္တာစွမ်းအား လူမှုရေးအသင်းသားများကို နံနက်စာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်