ချောင်းသာမြို့ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ချောင်းသာ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်မြတ်များထံမှ ဌာနဆိုင်ရာ ဧည့်ပရိတ်သတ်အပေါင်းတို့က သရဏဂုံသီလနှင့် ပရိတ်တရားတော်များကို ဆောက်တည်နာယူကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်မြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နာဝကမ္မ အလှူငွေများကို ဆက်ကပ်ဒါန်းပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)