ကျုံပျော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကျင်းပ

ကျုံပျော် ဇူလိုင် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးတည်ရှိရာ တေဇရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စိုက်ပျိုးရေးစခန်း ရုံးရှေ့မျက်နှာစာတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူး ဦးသန်းအောင်ဆန်းတို့က ခရိုင်ဦးစီးမှူးရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ဆက်လက်၍ ခရိုင်ဦးစီးမှူးရုံး ဆိုင်ဘုတ်ကို တာဝန်ရှိသူ အသီးသီးက အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကာ၊ ခရိုင်ရုံးအား ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။

ရုံးဖွင့်ပွဲသို့ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ စိုက်တိုးမြှင့်အဖွဲ့များနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ ယခုကျုံပျော်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး တိုးချဲ့ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျုံပျော်ခရိုင်တွင် ပါဝင်‌သော ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)