ငပုတော ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများလိုက်ပါလျက် အုန်းပင်စုကျေးရွာအုပ်စု၊ ကံစုရွာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အုန်းပင်စု၊ ကံစု၊ ကျောင်းစုရွာတို့မှ မီးလင်းရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများအား ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် လိုအပ်သည့် အကြံညဏ်များ ပေးနိုင်ရေး၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိပါက ကာကွယ်ဆေးထိုးနှံကြရန်နှင့် သတ်မှတ်ထားသော အကြိမ်အရေအတွက် အပြည့်အဝ ထိုးနှံနိုင်ရေး၊ သွေးလွန်တုတ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်းများ မပေါက်ဖွားနိုင်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ၊ ဆောင်ရွက်ကြရန်နှင့် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်သူများ၏ စပါးပင်သီးနှံများကို ဖျတ်ဆီးတက်သော ရွှေခရုအန္တရာယ်မှ နှိမ်နှင်းကာကွယ်ရေး၊ မိုးစပါး စိုက်ဧကများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ ကျေးရွာများတွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြရန်၊ တက္ကသိုလ်ဝင်တန်း ကျရှုံး ကျောင်းသား၊ ကျောင်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ယခင်နှင့်က ဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်အပ်နှံနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးသွင်းနိုင်ရေးအတွက် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က မိမိဒေသလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်မှ ပိုးသတ်ဆေးအန္တရာယ်၊ ပိုးသတ်ဆေး အသုံးပြုနည်းများ၊ စိုက်ပျိုးရေးနည်းစနစ်သစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မြို့နယ်လျှပ်စစ်မှူး ဦးစိုးပိုင်မှ ကျေးရွာလျှပ်စစ်မီးလင်းရေး၊ လိုအပ်သည့် အကြံညဏ်များ ပေးအပ်နိုင်ရေး၊ လိုအပ်သည့် အကူအညီများ တောင်းခံနိုင်ရေးအတွက် ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများက လိုအပ်သည်များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)