ဝါးခယ်မမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သော မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်

ဝါးခယ်မ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဟင်္သာဒုံးကျေးရွာအုပ်စု/ ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးကျော်ကိုထက်အပါ နေအိမ် (၁၂)လုံး၊ မိသားစုဝင်ကျား (၂၇)ဦး၊ မ (၃၂)ဦး၊ ပေါင်း (၅၉)ဦးတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၇၉)သိန်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အထက်ပေကုန်းကျေးရွာအုပ်စု/ ကျေးရွာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေါ်သန်းသန်းမြင့်အပါ နေအိမ် (၈)လုံးနှင့် မိသားစုဝင်ကျား (၁၅)ဦး၊ မ (၂၁)ဦး၊ စုစုပေါင်း (၃၆)ဦး၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးစလိုအပါနေအိမ် (၂)လုံးနှင့် မိသားစုဝင် ကျား(၂)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၄)ဦးတို့အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၆၆)သိန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဟင်္သာဒုံးကျေးရွာအုပ်စု/ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်ပေကုန်းကျေးရွာအုပ်စု/ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့၌ မြစ်ကမ်းပါးပြိုကျမှုများကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ရာ မြောင်းမြခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက ဟင်္သာဒုံးကျေးရွာမှ ရွှေ့ပြောင်းနေအိမ် (၁၂)လုံးနှင့် မိသားစုဝင် (၅၉)ဦးအတွက် ထောက်ပံငွေ (၂,၃၂၃,၉၀၀)ကျပ်၊ အထက်ပေကုန်းကျေးရွာမှ ရွှေ့ပြောင်းနေအိမ် (၈)လုံးနှင့် မိသားစုဝင် (၃၆)ဦးအတွက် ထောက်ပံ့ငွေ (၈၇၅,၆၀၀)ကျပ်၊ ကမ်းပြိုကျေးရွာမှ ရွှေ့ပြောင်းနေအိမ်(၂)လုံးနှင့် မိသားစုဝင်(၄)ဦးအတွက် ထောက်ပံ့ငွေ (၂၀၈,၄၀၀)ကျပ်တို့အား တာဝန်ရှိသူများက အသီးသီး ထောက်ပံ့‌ပေးအပ်ရာ စုစုပေါင်း ထောက်ပံ့ငွေပေါင်း (၃,၄၀၇,၉၀၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)