ထားဝယ် ဇူလိုင် ၂၀
တိုင်းရင်းသားကလေးငယ်များ မိမိတို့ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်၊ သင်ယူလိုသူ ပိုမိုများပြားလာစေရန်၊ ကလေးငယ်များ မူလတန်းစာပေသင်ကြားရာတွင် များစွာအထောက်အကူဖြစ်စေ၍ ကလေးငယ်များ ကျောင်းထွက်နှုန်းလျော့ကျစေရန်၊ တိုင်းရင်းသားတို့၏ စာပေနှင့်ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ချစ်ကြည်လေးစားမှုတို့ကိုရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တိုင်းရင်းသားပုံပြ/ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားအခွင့်အရေး/ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများနေထိုင်ရာ ဒေသများ၌ လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးရရှိရေး၊ ဆိုလာမီးရရှိရေး၊ လမ်း၊ တံတားများ စသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရန်ပုံငွေများထောက်ပံ့ပေးအပ်ခြင်း၊ မော်ကယ်(ဆလုံ) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း နောင်လာနောက်သားများကို မိမိတို့လူမျိုး၏ စာပေယဉ်ကျေးမှုများ ရေရှည်တည်တံ့နိုင်စေရေး၊ မိမိတို့၏စာပေနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားကြရန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လက်ဆင့်ကမ်းပေးကြလိုအပ်ကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ရပ်ရွာနှင့် ကျေးလက်နေပြည်သူများ အကျိုးကိုရှေးရှုလျက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတူတကွ လက်တွဲဆောက်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက တိုင်းရင်းသားပုံပြ/ပုံပြင်စာအုပ်များကို ဖြန့်ဝေပေးခြင်းအားဖြင့် KG မူလတန်းအရွယ် တိုင်းရင်းသားကလေးငယ်များအား ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်နှင့် မိမိတို့တိုင်းရင်းသားဘာသာစကား၊ စာပေအပေါ် ပိုမိုစိတ်ဝင်စားစွာသင်ယူနိုင်ပြီး တန်ဖိုးထားလေစားတတ်လာစေရန် ရည်ရွယ်၍ ပေးအပ်ရခြင်းဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့်လည်း တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆထက်တမ်းပိုး ဖွံ့ဖြိုးတိုးတက်စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စကောကရင်စာအုပ် ၂၃၃၀၊ ပိုးကရင်စာအုပ် ၁၅၀၀၊ မွန်စာအုပ်၃၀၈၀နှင့် ဗမာစာအုပ် ၄၂၄ အုပ် စုစုပေါင်း ၇၃၃၄ အုပ်ပေးအပ်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်း/အဖွဲ့များက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)