ပခုက္ကူ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်း ရိုက်ကူးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ စတင်ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ အနီးကပ် ကြီးကြပ်ဦးဆောင်မှုတို့ဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ပြီး မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေး အချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုအပ်လျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံး သိရှိနိုင်တို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်း ရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ရေးသွင်းရာတွင် ကန့်သတ်ကာလများအလိုက် ထည့်သွင်း ရိုက်ကူးရမည်ဖြစ်ပြီး လုပ်ငန်းများ အမြန်ဆုံး ပြီးစီးဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) e-ID စနစ် Software Program ဖြင့် ထည့်သွင်းရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်သူ ဝန်ထမ်းများအား စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၇၂၈၀၂)စု၊ လူဦးရေ(၃၂၈၇၆၉)ဦးရှိပြီး ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့အပြီး ရေးသွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောပြသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်း ရိုက်ကူးရေးလုပ်ငန်းများ အမှန်ဆုံးနှင့် အမြန်ဆုံး ပြီးစီးဆောင်ရွက်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများအပြင် ပခုက္ကူမြို့ပေါ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အခြေခံပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၊ ပခုက္ကူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပခုက္ကူ)နှင့် စက်မှုလက်မှုအထက်တန်းကျောင်း(ပခုက္ကူ)များရှိ ကွန်ပျူတာကျွမ်းကျင်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)