ကလိန်အောင် ဇူလိုင် ၂၀
စိုက်ပျိုးရေးကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ရှိ တောင်သူများမှာ ယခုမိုးရာသီးကာလပိုင်းအတွင်း သံပုရာသီးဈေးကွက်မရှိ၍ အဆင်မပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ သံပုရာသီးခြံ စိုက်ပျိုးလုပ်ကိုင်သူထံမှ သိရသည်။
“မိုးတွင်းကာလမှာတော့ ဈေးက နှစ်တိုင်းလိုလိုပဲ ဈေးကျဆင်းပါတယ်။ သံပုရာသီးအပင်တိုင်းမှာ အသီးလှိုင်လှိုင်ပေါများစွာသီးပါတယ်၊ အထွက်နှုန်းလည်းကောင်းတယ်၊ အဝယ်ဒိုင်တွေကလည်း သိပ်မဝယ်ကျဘူး၊ အဲဒါကြောင့် ဝယ်ယူမှုကလည်း ဈေးကျဆင်းပြီး အရောင်းအဝယ်ကလဲနည်းပါးတော့ ဈေးကသိပ်မရဘူး၊ ခြံထဲမှာ ဒီတိုင်းပစ်ထားရတယ်” ဟု စိုက်ပျိုးတောင်သူဦးကျော်နိုင်က ပြောသည်။
လက်ရှိ သံပုရာသီးပေါက်ဈေးနှုန်းမှာ အလုံးအရွယ်အစားလိုက် အကြီးတစ်လုံးကို(၈)ကျပ် ရရှိကာ အငယ်တစ်လုံးကို(၃)ကျပ်အထိ ဈေးရရှိပြီး၊ နွေရာသီကာလတွင် သံပုရာသီးအလုံးအရွယ်အစားလိုက် အကြီးတစ်လုံးကို(၇၅)ကျပ်မှ (၈၀)အထိ ဝယ်ယူရရှိကြောင်း ကလိန်အောင်မြို့ရှိ သံပုရာသီးအဝယ်ဒိုင်ထံမှ သိရသည်။
သံပုရာခြံများကို ကလိန်အောင်မြို့နှင့် ကျေးရွာများဖြစ်သော မိကျောင်းလှောင်း၊ ဇင်းဘာ၊ ကျောက်ရှပ်၊ ကော့လှိုင်း၊ ရာဖူး အစရှိသည့် ကျေးရွာများတို့တွင် စိုက်ပျိုးကြပြီး ထွက်ရှိသော သံပုရာသီးများကို ထားဝယ်မြို့နှင့် ရန်ကုန်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့