ပြည် ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာများ တိုးပွားလာစေရန်နှင့် ယင်းလုပ်ငန်းများတွင် ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဂေဟစနစ်များ ပြန်လည်မြင့်တက်လာစေရန်နှင့် လမ်းဘေးဝဲယာတွင် အရိပ်ရစေရန်ရည်ရွယ်ချက်တို့ဖြင့် ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ ပြည်မြို့ကုန်းရိုးကျေးရွာအနီး (ပြည်-ပေါက်ခေါင်း)ကားလမ်းဘေး မိုင်တိုင်အမှတ်(၀/၇)နှင့် (၁/၇)အကြား၌ ယနေ့နံနက် ၉ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံကျေးရွာပြည်သူများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါလမ်းဘေးဝဲယာ၌ အရိပ်ရတမာပျိုးပင်(၄၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် ပြည်မြို့နယ်တွင် အလားတူမိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ယခုနှစ်ဇွန်လအတွင်းကလည်း ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ပြည်ခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။
ကိုဆက် (ပြန်/ဆက်)