မုံရွာ ဇူလိုင် ၂၀
၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အောင်ပွဲရ စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ ဆုရပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ၏ဂုဏ်ကို မြှင့်တင် တည်ဆောက်ခြင်းဖြစ်ပြီး အားကစားအောင်နိုင်ခြင်း သည် နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေသည်ဟူသော ခံယူချက်ဖြင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အားကစား ပြက္ခဒိန်ကို ရေးဆွဲ၍ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်ခဲ့ပြီး သွားရောက် ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသား(၂)ယောက်တွဲ ရွှေတံဆိပ်၊ အမျိုးသား(၃)ယောက်တွဲ ရွှေတံဆိပ်၊ အမျိုးသားအသင်းလိုက် (၃)ယောက်တွဲ ငွေတံဆိပ်၊ အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုကြီးကို ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွက် တံခွန်စိုက်ဆုကြီးကို ရရှိနိုင်ခဲ့ကြသလို ယခုအောင်မြင်မှုကို နောက်နှစ်တွေမှာလည်း ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီ ဝန်ကြီးချုပ်ထံ စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းမှ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများက တံခွန်စိုက်ဆုဖလားအား အပ်နှံကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စုပေါင်းတံခွန်စိုက်ဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြု ချီးမြင့်ငွေကျပ် သိန်း - ၃၀ အား ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသား တံခွန်စိုက်ဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း- ၃၀ အား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက် ပထမဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြင့်ငွေ ကျပ် - ၁၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား(၂) ယောက်တွဲအဖွဲ့လိုက် ပထမဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် - ၁၅ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အမျိုးသားအသင်းလိုက် (၃)ယောက်တွဲ ဒုတိယဆုရ ပိုက်ကျော်ခြင်း အသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ်-၁၀ သိန်း အားလည်းကောင်း အသင်းအုပ်ချုပ်သူနှင့် အားက စားသမားများထံ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်သူမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းဗွီဒီယို Slide အား ပြသကာ တာဝန်ရှိသူများ၊ ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆုရ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)