ဂန့်ဂေါ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပေးနှိုးဆော်ခြင်းတို့ကို ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း၌ လာပို့ကျေးရွာနှင့် မြင်းဇာကျေးရွာတို့တွင် အသိပေး နှိုးဆော် ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများတို့က ကျေးရွာနေပြည်သူများအား COVID-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ ကူးစက်ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာကြရန်၊ နေအိမ်ပြင်ပ ထွက်ခွါလျှင် ပါးစပ်နှင့်နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်ကြရန်၊ မိုးရာသီတွင် ဖြစ်ပွားလေ့ ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို Hand Speaker များအသုံးပြု၍ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်နိုင်ရေး အသိပေးလက်ကမ်းစာစောင်များကိုလည်း ကျေးရွာနေပြည်သူများ၏ နေအိမ် အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)