အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်

အုတ်ဖို ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့်  နှာခေါင်းစည်း နေ့စဉ်တပ်ဆင်သွားလာစေရေး Mask Campaign ကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမရှေ့နှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်မှုတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဌာနဆိုင်ရာများ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ (Mask) စနတ်တကျ တပ်ဆင်စေရေး၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး (Mask) တပ်ဆင်သွားလာခြင်းမရှိသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အလားတူ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာအုပ်စုတို့တွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ အဖွဲ့များခွဲကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)