အိမ်မဲ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက် လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်ခေါင်းဆောင်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလေးလွင်က လူငယ်နှင့်စာသုံးသူရေးရာ အသိပညာပေး ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ရာ အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က လာရောက်ဟောပြောပေးသော ဌာနဆိုင်ရာများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်အန္တရာယ် ပြည်ရန်စွယ် ကာကွယ်တိုက်ဖျက် ပြည်သူ့အတွက် နံရံကပ်စာစောင်များ၊ အာဇာနည်နေ့နှင့် သက်ဆိုင်သော စာအုပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/ သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အ.ထ.က(၂)ကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်လေ့လာ နားထောင်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)