မြို့သစ် ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်အထိ မြို့နယ်ရုံးဝန်ထမ်းများမှ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမြမြငြိမ်းချမ်းနှင့် ဝန်ထမ်းများသည် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သဏ္ဍာန်တူလေ့ကျင့်ခြင်း၊ ပြည်သူလူထုအသိပညာပေးပိုစတာစိုက်ထူခြင်း၊ ပုတီးကုန်းအုပ်စု၊ သီးကုန်းကျေးရွာတွင် ပြည်သူလူထုအသိပညာပေး ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ တလုပ်ပင်အုပ်စု ကံသာလေးကျေးရွာ၌ တိရစ္ဆာန်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့်ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါတစ်မျိုးဖြစ်သည့် အရေပြားအကျိတ်နာရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ပြည်သူလူထု အသိပညာပေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၄င်းရောဂါသည် ခြင်၊ ယင်ကိုက်ခြင်း၊ ရောဂါပိုးနှင့်ထိတွေ့ထားသော အစာ၊ ရေ၊ ဆေးထိုးအပ်နှင့်ရောဂါဖြစ်တိရစ္ဆာန်တွေမှ တစ်ဆင့်ကူးစက်နိုင်ပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ထံ အမြန်ဆုံးသတင်းပေးပို့နိုင်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)