ကော့ကရိတ် ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ပလတ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းကို ယနေ့နံနက်၁၀နာရီချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက် ဝင်ငွေရရှိစေရေး၊ မြန်မာ့လက်မှုပညာအား တက်မြောက်စေရေးအတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပလတ်စတစ်ခြင်းရက်နည်းသင်တန်းကို အထကတောင်ပေါ်ရပ်ကျောင်းမှ ဆရာမများဖြစ်သည့် ဒေါ်မျိုးသီတာသန်း၊ ဒေါ်ခင်စန္ဒာထွန်းတို့မှ သင်ကြားပြသပေးပြီး ဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီးများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း(၂၀)ဦး တက်ရောက်၍ သင်တန်းအား ၂ရက်တာသင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ ပလတ်စတစ်ခြင်းရက်လုပ်ခြင်းသည် လူတစ်ဦးတစ်နေ့လျှင် ပုံမှန်ရက်လုပ်ပါက ခြင်း ၂လုံးရက်လုပ် ပြီးပါကြောင်း ခြင်းတစ်လုံးတွင်အရင်းအနှီး ငွေကျပ် ၃၀၀၀ခန့်ရှိပြီး စျေးကွက်တွင် ရောင်းစျေး ၆၀၀၀ ခန့်ရှိကြောင်း သင်ကြားပြသပေးသည့် ဆရာမများ၏ ပြောကြားချက်အရ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)