အထက်မင်းလှ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင် လျောက်ထားသော လုပ်ငန်းရှင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၃နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် လျောက်ထားသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ/နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယို တိတ်ခွေများ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ)တွင် သုံးစွဲခြင်းရှိ/မရှိ၊ တရားမဝင် ကူးယူထားသော မြန်မာဗီဒီယိုအချပ်/ နယ်မြေလွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များ ရှိ/မရှိ၊ မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ/ပြောင်းရွေ့ခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)