ပေါင်းတည် ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်းက ကြို့ပင်သာကျေးရွာအုပ်စု၊ ဖားယားကြီးကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က ဒေသခံတောင်သူ များနှင့် တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်းစားသုံးဆီ သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ် နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမို ဆောင်ရွက်နိုင်ရေး၊ ဒေသနှင့်ကိုက်ညီမည့် အခြား စိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေး၊ ယူရီးယားဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး စနစ်တကျသုံးစွဲရေး၊ သစ်ရွက်စိမ်းမြေသြဇာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ နေကြာ၊ မတ်ပဲ၊ မြေပဲ သီးထပ်၊ သီးညှပ် စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိရှိလို သည်တို့ကို မေးမြန်းရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)