မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင်  ၁၉

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသော အားကစားသမားများပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများမှသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်လာစေရန် ရည်ရွယ်၍ တက္ကသိုလ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်အသီးသီးမှာ အားကစားပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိပြီး၊ မကွေးတက္ကသိုလ် ၂၀၂၂ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က မကွေးတက္ကသိုလ်  ဘောလုံးကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတက္ကသိုလ် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဘာသာရပ်အသင်းနှင့် ဘူမိဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဓာတုဗေဒဘာသာရပ်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတက္ကသိုလ် ၂၀၂၂ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပရာ အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုဆုများနှင့် တစ်ဦးချင်းဆွဲပြားများအားလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တစ်ဦးချင်း နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများအား ဆုကလပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသော ဘူမိဗေဒဘာသာရပ် ဘောလုံးအသင်းအား တစ်ဦးချင်း ဆွဲပြားများနှင့် ဂုဏ်ပြုဆုများအားလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော ဓာတုဗေဒဘာသာရပ် ဘောလုံးအသင်းအား တစ်ဦးချင်းဆွဲပြားများနှင့် တံခွန်စိုက်ဆုတို့အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ