ကျီခါးမြို့၊ တွီးဖိုင်ချောင်းရေလျှံမှုဖြစ်ပွားခဲ့ရာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများရေ လွှမ်းမိုးမှုဖြစ်ပွား

ဖလမ်း ဇူလိုင် ၁၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ဇူလိုင်လိုင်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျီခါးမြို့ရှိ တွီးဖိုင်ချောင်းရေလျှံမှုဖြစ်ပွားကာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါချောင်းရေလျှံမှုကြောင့် ယမန်နေ့နေ့၊ နံနက် ၁၀ နာရီအထိ ကန့်ဆောက်ကျေးရွာရှိ တောင်သူ(၂၉)ဦး၏ လယ်ယာမြေ(၆၃)ဧကခန့်၊ တောင်သူ(၁၉)ဦး၏ လယ်ရေသွယ်မြောင်း(၅၃၀၀)ပေ၊ ရွာတွင်းကျောက်ချောလမ်း (၂၀၀)ပေ လမ်းသားပြိုကျခြင်း၊ သောက်သုံးရေသွယ်ယူရေး PVC ပိုက်(၂”) (၃၃၀၀) ပေခန့်နှင့်ခိုင်းကျွဲ(၁)ကောင်၊ ခိုင်းနွား(၁)ကောင်တို့ ရေနစ်မြုပ်မျှောပါ ပျက်စီးသွားခဲ့ကြောင်း၊ ခေါဒမ်ကျေးရွာရှိ တောင်သူ(၇)ဦး၏ လယ်ယာမြေ(၁၂)ဧကခန့်၊ တောင်သူ(၂၈)ဦး၏ လယ်ရေသွယ်မြောင်း(၁၄၉၀)ပေခန့် ရေနစ်မြုပ်ပျက်စီးသွားခဲ့ကြောင်း ကျီခါးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရေလွှမ်းမိုးမှုကြောင့် ပျက်စီးမှုအခြေအခြေအား တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်ဆက်