ကျုံပျော်မြို့ အ-ထ-က(၁)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကျုံပျော် ဇူလိုင် ၁၈

ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အတ္ထုပ္ပတ္တိတို့ကို လက်ဆင့်ကမ်း သိရှိနိုင်စေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

‌‌ဟောပြောပွဲတွင် ဆရာမ ဒေါ်ဇင်မာမိုးနှင့် ဆရာ ဦးအောင်ကျော်ဦးတို့က အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ရရှိရန်ကြိုးပမ်းခဲ့မှုနှင့် တစ်ဦးချင်းစီ၏ အတ္ထုပ္ပတ္တိများကို လည်းကောင်း၊ ဆရာမ ဒေါ်ဝင်းမော်က  အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ နားထောင်လေ့လာမှတ်သားခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်နှင့် ဆရာ၊ ဆရာမများ၊ Grade-6 နှင့် Grade-7 တို့မှ ကျောင်းသား၊ ကျောင်းသူများ အသီးသီး တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေး ရယူခဲ့သည့် သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွှတ် စွန့်စားလိုစိတ်နှင့် လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး ပညာပေးလှုံဆော် သည့်အနေဖြင့် (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကိုလည်း ယနေ့ နံနက်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)