အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ပုသိမ် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရန်ကင်းထောင်ရပ်ရှိ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်ခန်းမအတွင်း (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ကဗျာ၊ ပိုစတာ ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ.မ.က(၁၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သဇင်မြင့်မှ အဖွင့်အမှာစကား ပြောကြားသည်။ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများနှင့် ပတ်သက်ပြီး ဆရာမဒေါ်သင်းသင်းဦးမှ ရှင်းလင်းပြောကြားသည်။ ရှေးဦးစွာ အာဇာနည်ဟု ခေါ်တွင်ရသည့် အကြောင်းအရာများကို လည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ဖြစ်စဉ်များနှင့် လည်းကောင်း၊ ဗိုလ်ချုပ်နှင့်အတူအာဇာနည် ၉ ဦးတို့၏ ရာဇဝင်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သားသား မီးမီးများအနေဖြင့် အာဇာနည်ခေါင်ဆောင်ကြီးများကဲ့သို့ ကျောင်းနေစဉ်မှာ ကြိုးစားသွားကြရေး ပြောကြားပြီးခဲ့သည်။

အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအပြီးတွင် စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိကြသူ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းပိုင်ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆုပေးပွဲအပြီး အခမ်းအနား တက်ရောက်သည့် ကျောင်းသား/သူများနှင့် ဧည့်ပရိတ်သတ်များအား “ပွင့်ဖြိုးဝေ” ဆားစက်ပိုင်ရှင် ဦးကိုကိုဦး+ ဒေါ်ဇင်မာဝင်း မိသားစုများက နို့ဆန်ပြုတ်ဖြင့် ဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်