ပွင့်ဖြူမြို့နယ်ဒေသထွက် ဆုံကြိတ်နှမ်းဆီများ စားသုံးသူ အကြိုက်တွေ့ ဝယ်ယူကြသဖြင့် ရောင်းအား ကောင်းနေ

ပွင့်ဖြူ  ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဒေသထွက် ဆုံကြိတ်နှမ်းဆီများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဆုံဆီစစ်စစ် စားသုံးချင်သူများက အကြိုက်တွေ့ ဝယ်ယူအားပေးကြသဖြင့် ရောင်းအားကောင်းမွန်ပြီး နှမ်းဆီကြိတ် ရောင်းချသည့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံပြည်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နှစ်စဉ် ဆန်စပါးနှင့် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ နှမ်း၊ နေကြာနှင့် ပန်းနှမ်းတို့ကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရ သည်။ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့် မြေပဲကို ယခင်နှစ်များက ဆီကြိတ်ရောင်းချသူ နည်းပါးပြီး တောင်သူအများစုက မိမိတို့ လယ်ယာမြေများမှ ထွက်ရှိသော နှမ်းနှင့် မြေပဲသီးနှံများကို ငွေအသုံးလိုသလို ကုန်သည်ပွဲစားများထံ သွားရောက် ရောင်းချလေ့ရှိပြီး ယခုနှစ်တွင် ကျေးရွာအချို့ရှိ တောင်သူများက တစ်ပိုင်တစ်နိုင် သစ်သားဆုံဆီများပြုလုပ်၍ ဆီကြိတ် ရောင်းချမှုများ လုပ်ကိုင်လာကြပြီး ဆုံဆီစစ်စစ် စားသုံးချင်သော ပြည်သူများက အကြိုက်တွေ့ ဝယ်ယူအားပေးမှုများ ကြောင့် ရောင်းအားကောင်းမွန်ပြီး လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး ဆန်စပါးနဲ့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း ၊ နေကြာ စတဲ့ သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် နှစ်တိုင်းလည်း သီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဆန်စပါးဆိုရင် ဧရာမင်း ၊ မနောသုခ ၊ ရတနာတိုး ၊ ပေါ်ဆန်းရင် ၊ ဆင်းသိင်္ဂီ စပါးမျိုးတွေကို အများဆုံးစိုက်ပျိုးကြပြီး၊ နှမ်းဆိုရင် စမုံနက်၊ သိပ္ပံနှမ်းနက်၊ ဆင်းရတနာ - ၁၄ ၊ နှမ်းဖြူ ၊ နှမ်းနီ စတဲ့ နှမ်းမျိုးတွေကို စိုက်ပျိုးကြပါတယ်။ ခါတိုင်းနှစ်တွေက နှမ်းစိုက်ခင်းတွေ သိမ်းဆည်းပြီးတာနဲ့ ငွေလိုရင်လိုသလိုပေါ့ ကုန်သည်ပွဲစားတွေကို သွားရောင်းကြတယ်။ ယခုနှစ်မှာ တောင်သူအချို့က တစ်ပိုင်တစ်နိုင် သစ်သားဆီကြိတ်ဆုံများ ပြုလုပ်ကာ နှမ်းဖြူ ၊ နှမ်းနီ ကို ဆီကြတ်ပြီးတော့ ရောင်းချ လာကြတယ်။ ဆုံဆီစစ်စစ် နှမ်းဆီကြိုက်တဲ့သူတွေက  အကြိုက်တွေ့ ဝယ်ယူအားပေးကြလို့ ရောင်းအားကောင်းနေတယ် ပြောရမှာပေါ့။ ကျွန်တော်တို့ ညောင်ပင်စောက်ရွာမှာကိုပဲ ခုနှစ်မှာ တစ်ပိုင်တစ်နိုင် သစ်သားဆီကြိတ်ဆုံနဲ့ ဆီကြိတ်ရောင်း ချတဲ့သူ လေးဦးလောက် ရှိတယ်ဗျ။ ဆီဈေးကတော့ တစ်ပိဿာကို ငွေကျပ် ၁၃၀၀၀ နဲ့ ရောင်းချတဲ့သူ ရှိသလို တစ်ချို့ တောင်သူတွေက ကိုယ့်လယ်ကရတဲ့ နှမ်းကို ဆီကြိတ်ရောင်းတာဆိုရင် တစ်ပိဿာ ငွေကျပ် ၁၁၀၀၀ နဲ့ ရောင်းချကြ တယ်။ ခုရက်ပိုင်းမှာ ကျွန်တော်တို့ ဒေသထွက် နှမ်းဆီ(ဆုံဆီ)စစ်စစ်ကို ရန်ကုန်၊ မန္တလေးက ပြည်သူတွေက အကြိုက်တွေ့ ဝယ်ယူအားပေးကြလို့ ရောင်းအားကောင်းပြီး ဆီကြိတ်ရောင်းချတဲ့ တောင်သူတွေ လုပ်ငန်းအဆင်ပြေနေကြတယ်”ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောကြားသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)