ကန့်ဘလူ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် လူစည်ကားရာနေရာများနှင့် လမ်းမကြီးတို့၌ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တပင်ရွှေထီးလမ်းမကြီးတစ်လျှောက်နှင့် မြို့မစျေးအနီးဝန်းကျင်နေရာများ၌ Mask များ အခမဲ့ဖြန့်ဝေပေးပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ကိုဗစ်-၁၉ရောဂါ အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်သစ် BA-4 နှင့် BA-5 ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံအချို့နှင့်အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်ပွားလျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက Mask ကိုစနစ်တကျတပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးအား မဖြစ်မနေထိုးနှံကြရန်တို့ကို ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)