မြိတ် ဇူလိုင် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံးတွင် (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ပုဂ္ဂိုလ်များအကြောင်း နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အထက်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က ပြပွဲ/ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ “၁၉ ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့်အထက်တန်းအဆင့် ကျောင်းသား/သူများက ကဗျာရွတ်ဆို ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုနောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကလေးစာဖတ်ခန်းတွင် မူလတန်းအဆင့် ကျောင်းသား/ သူများက အာဇာနည်ပုဂ္ဂိုလ်များ၏ ရုပ်ပုံအားဆေးရောင်ခြယ်ခဲ့ကြရာ ကျောင်းသား/သူများအား တာဝန်ရှိသူများက အမှတ်တရပုံဆွဲစာအုပ်များ လက်ဆောင် ပေးအပ်ခဲ့သည်။
ယင်းနောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူထုအခြေပြုဗဟိုဌာန၌ ပြသထားရှိသည့် အာဇာနည်ပုဂ္ဂိုလ်များ၏ နံရံကပ်စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားရှိသည့် အာဇာနည်ပုဂ္ဂိုလ်များ၏ သုတ/ရသ စာအုပ်ပြပွဲကို ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )