မေတ္တာ ဇူလိုင် ၁၈
တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ရောက်ရှိမည့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် နေ့တစ်ရက်ဖြစ်သော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးဂုဏ်ကို သိရှိတန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် စိန်မေတ္တာခန်းမဆောင်၌ “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၅) ဦး၊ “မမေ့နိုင်သောနေ့တစ်နေ့” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲကို ငွေမေတ္တာဆောင်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ မေတ္တာ(အ-ထ-က) ကျောင်းမှ ဆရာမဒေါ်ခွါညိုပွင့်က ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများကို ဆွေးနွေး ဟောပြောခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ သူများအား တာဝန်ရှိ ဆရာ/ဆရာမများက ဆုများအသီးသီးချီးမြှင့်ပေးကာ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်တွင်အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာများအား ပြသပေးကာ ကျောင်သား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးချို(မေတ္တာ)